ကလေးကို ဘာကြောင့် ၂ နှစ်အရွယ်အထိ မိခင်နို့တိုက်ဖို့ လိုအပ်တာလဲ
ကလေးတွေကို အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ရမယ်။ ၆ လနောက်ပိုင်းမှာ ဖြည့်စွက်စာနဲ့ အတူ မိခင်နို့ကို ၂ နှစ်အထိ တိုက်ပေးရမယ်လို့ ပြောတာကို မေမေတိုင်း ကြားဖူးမှာပါ။ ကလေးကို ၂ နှစ်အထိ နို့ချို တိုက်ကျွေးရမယ် ဆိုပေမယ့် မေမေက အလုပ်လုပ်ရလို့ နောက်ကလေး ရသွားလို့ မေမေက ကျန်းမာရေးကြောင့် စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ကလေးကို ၁ နှစ်ကျော်ကျော် တစ်နှစ်ပြည့်ချိန်လောက်မှာ မိခင်နို့ ဆက်မတိုက်တာတွေက အခုနောက်ပိုင်းမှာ အတွေ့ရများလာပါတယ်။
ဒီလိုမျိုး ကလေးကို မိခင်နို့ ၂ နှစ်အထိ မတိုက်တာက ကလေးမှာ ထိခိုက်စေမလား။ ဘာတွေများ ဖြစ်စေမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကလေးကို ပုံမှန်ကတော့ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးစေဖို့ ၂ နှစ်အထိ မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်ဖို့ လိုပါမယ်။ ဒါမှလည်းကလေးက ပရိုတင်း၊ ကယ်လ်ဆီယမ်၊ အဆီ၊ ဗီတာမင် အေ နဲ့ အခြားသော မိခင်နို့ချိုကနေ ရရှိမယ့် အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိမှာပါ။
ဒီလိုမှ မဟုတ်ဘဲ ကလေးကို ၂ နှစ် မတိုင်ခင် နို့ဖြတ်မယ်ဆိုရင် ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုရော စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာပါ ထိခိုက်တာတွေ ရှိလာနိုင်ပါတယ်။ နောက်တစ်ခု ရှိတာက ကလေးကို နို့ဖြတ်လိုက်ပေမယ့် အာဟာရပြည့်ဝစေမယ့် ဖြည့်စွက်နို့ နဲ့ အစားအစာတွေကို ပြင်ဆင်ပေးနိုင်ရင် ကြီးကြီးမားမား ထိခိုက်တာမျိုးတော့ မရှိဘူးပေါ့။
ဒါပေမယ့် မိခင်နို့လောက်တော့ ဘယ်အာဟာရကမှ ကလေးရဲ့ အာဟာရ လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ မဖြည့်ပေးနိုင်ပါဘူး။ ကလေးတစ်ယောက်အနေနဲ့ မိခင်နို့ကို ၂ နှစ်အထိ မိခင်နို့ မသောက်ရဘူးဆိုရင် အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေကို မရနိုင်ဘူးပေါ့။
မိခင်နို့ကို ၂ နှစ်အထိ သောက်သုံးရတဲ့ ကလေးတွေမှာတော့ အခုလို ကောင်းကျိုးလေးတွေ ရနိုင်ပါတယ်။
- ဖျားနာလွယ်နိုင်တယ်
မိခင်နို့မှာ ကလေးကို ကိုယ်ခံအားကောင်းစေပြီး ကူးစက်မှုတွေကနေ ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း ကလေးကို ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် မိခင်နို့ ပြည့်ဝမယ်ဆိုရင် ကိုယ်ခံအားကောင်းစေမှာပါ။ မိခင်နို့ လုံလောက်စွာ မရရှိဘူးဆိုရင်တော့ ဒါနဲ့ ဆန့်ကျင်ဘက် ကလေးမှာ ဖျားနာလွယ်တာမျိုး ဖြစ်ိနုင်ပါတယ်။
ကလေးမှာ မိခင်နို့ မလုံလောက်တာက ဖျားနာလွယ်တာအပြင် ပန်းနာရင်ကျပ်ဖြစ်တာ၊ အဝလွန်တာ၊ နားပိုးဝင်တာ၊ အစာအိမ် ပိုးဝင်တာမျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။
- အရွယ်ရောက်ချိန်မှာ နာတာရှည် ကျန်းမာရေးပြဿနာ ခံစားရစေနိုင်တယ်
ကလေးက မိခင်နို့ကို လုံလောက်စွာ မရတာက အရါယ်ရောက်လာချိန်မှာ နာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ဆီးချို၊ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သွေးတိုးတာ၊ နှလုံးရောဂါ နဲ့ လေဖြတ်တာလိုမျိုး ရောဂါတွေ ခံစားရနိုင်ပါတယ်။
- ဉာဏ်ရည် ဖွံ့ဖြိုးမှုကို သက်ရောက်မှု ရှိနိုင်တယ်
မိခင်နို့ လုံလောက်တာက ကလေးရဲ့ ဦးနှောက်ကို ကောင်းစွာ ဖွံ့ဖြိုးစေနိုင်သလို ကလေးကို ထက်မြက်စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ တကယ်လို့ ကလေးက မိခင်နို့ လုံလောက်မှု မရဘူးဆိုရင် ကလေးရဲပ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည် ထက်မြက်မှုတွေအပေါ်မှာ သက်ရောက်တာမျိုး ရှိနိုင်ပါတယ်။
ဒီအချက်တွေအပြင် ကလေးမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
မွန်မွန်